ကန်ပက်လက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စကစ ၃ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စဘက်တွင် စစ်သား ၃ဦး သေဆုံးပြီး CDF-ကန်ပက်လက်ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိတယ်လို့ CDF-ကန်ပက်လက်က ယနေ့ညတွင် ထုတ်ပြန်ပါတယ်။

ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသော အင်အား ၃၀၀ ကျော် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား အုံလမ်းခွဲတွင် ဇူလိုင်လ ၂၄ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၃ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့ နံနက်ပိုင်း ၈နာရီအချိန်တွင်လည်း နတ်စင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-ကန်ပက်လက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှုနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိအချိန်မှာ CDF-Kanpetlet ဟာ ကန်ပက်လက်မြို့နယ်အတွင်း စစ်မျက်နှာ နှစ်ခုတွင် စစ်ကောင်စီတပ်ကို ရင်ဆိုင်နေရပြီး ပြည်တွင်းပြည်ပမှအကူအညီများ လိုအပ်နေကြောင်း CDF-Kanpetlet က အသိပေးပါတယ်။