လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာတဲ့ အချိန်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တွေဖက်က ရဲဘော်တွေ ကျဆုံးမှုများ ရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဖက်၌လည်း နယ်မြေဆုံးရှူံးမှု၊ စစ်လက်နက်ပစ္စည်းနဲ့ လူအင်အားဆုံးရှူံးမှုတွေများခဲ့ပါတယ်။
တော်လှန်ရေးခရီးကြမ်းကို အတူတကွဖြတ်ကျော်ရင်း ကိုယ့်သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့အခါမှာ အလွန်၀မ်းနည်းရသလို အဲဒီဆုံးရှုံးမှုကို တော်လှန်ရေး ခွန်အားအဖြစ် အားယူခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) မှာ တာ၀န်ထမ်းဆောင်နေသော ရဲမေ မိုင်မတ်ဒါလင် က ပြောပါတယ်။
“အရင်က အတူတူပျော်ပါးခဲ့တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ချို့ အခုဆိုရင် သူတို့ရဲ့ အုပ်ဂူကိုပဲ မြင်တွေ့ခွင့်ရတာတွေရှိလာတဲ့အခါမှာ အရမ်းကို ၀မ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် အဲ့ဒီဆုံးရှုံးမှုကို တော်လှန်ရေးအတွက် ခွင်အားအနေနဲ့ မှတ်ယူပြီးတော့ ကိုယ့်ကိုကိုယ် ပိုပြီးကြံ့ခိုင်လာအောင် အမြဲကြိုးစားဖြစ်တယ်” လို့ မိုင်မတ်ဒါလင်က ပြောပါတယ်။
အသက် ၂၂ ၀န်းကျင်သာရှိသေးတဲ့ ရဲမေ မိုင်မတ်ဒါလင်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူကာ ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ဖို့ သဠိဌာန်ချပြီး CNA တပ်ဖွဲ့သို့ ၀င်ရောက်သူ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ ကိုယ့်သူငယ်ချင်းတွေ မရှိတော့ပေမယ့် သူတို့နဲ့အတူရှိခဲ့အတိတ်က အချိန်ကို သတိရရင်းနဲ့ တော်လှန်ရေးခရီးကို ရှေ့ဆက်ချီတက်မယ်လို့ သူက ဆက်ပြောပါတယ်။
“အခုဆိုရင် ကျဆုံးသွားတဲ့ ကိုယ့်သူငယ်ချင်း တစ်ချို့တွေနဲ့ အတူတကွ ထမ္မင်းစား၊ ပျော်ပါးခွင့်မရှိတော့ဘူး။ ဒါပေမယ့် သူတို့နဲ့ အတူရှိခဲ့တဲ့ အတိတ်ကအချိန်ကို သတိရရင်းနဲ့ ရှေ့ကိုချီတက်မယ်၊ ကျန်ရှိနေတဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ ဒီမိုကရေစီရတဲ့အချိန်အထိ မရပ်မနား ရှေ့ကိုတက်လှမ်းမယ်” လို့ ပြေပါတယ်။