ချင်းပြည်နယ်(ချင်းလဲန်) သို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူခရီးသည်ယာဉ်များကို အသုံးပြုကာ အရပ်ဝတ်ဖြင့် ချင်းပြည်နယ်သို့ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်း လျက်ရှိတယ်လို့ CNF ကဆိုပါတယ်။
ချင်းလဲန်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
အမိန့်တစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်ဟာအတည်ဖြစ်ပြီး ထုတ်ပြန်ချက်ပါအချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု CNF က အသိပေးထားပါတယ်။
၂၀၂၃ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြင်ပမှ၀င်ရောက်လာသူတွေ သိသိသာသာတိုးများလာပြီး ယခင်က ဟားခါးမြို့၌ မကြုံဖူးတဲ့ လက်နက်ကိုင်ခြိမ်းခြောက်လုယက်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့၊ Ketheibo ရပ်ကွက်၌ လက်ပစ်ဗုံးနဲ့ ဓားကိုင်ဆောင်သော အမျိုးသား နှစ်ဦးက မိသားစုတစ်စုကို ဓားပြတိုက်ခဲ့ပြီး ကူညီရန်လာရောက်သော အိမ်နီးချင်းအမျိုးသား ဓားထိုးခံရလို့ ဆေရုံတင်ခဲ့ရပါတယ်။
မေလ ၂၆ရက်နေ့တွင်လည်း ဟားခါးမြို့၌ လူနေအိမ်တစ်လုံးတစ် ဖောက်ထွင်းခံရပါတယ်။ ထို့နောက် မနေ့ ဇွန် ၇ရက်နေ့တွင်လည်း ဟားခါးမြို့ ဖုန်းဆိုင်တစ်ခုကို အမျိုးသားတစ်ဦးက လက်ပစ်ဗုံးနဲ့ခြိမ်းခြောက်ပြီး ဖုံးတစ်လုံး လုယူသွားပါတယ်။
“အခုတလော ဟားခါးမြို့မှာ လူစိမ်းတွေ တော်တော်များလာတယ်။ ဘယ်ကနေရောက်လာကြတာလဲတော့မသိဘူး။ အရပ်သားအသွင်ယူထားတဲ့ စကစတပ်သားတွေနဲ့ သူတို့လက်ပါးစေ ဗျူစောထီးတွေလည်း ဖြစ်နိုင်တယ်။ သူတို့ကိုကြည့်ရတာ ထောင်ထွက်လူဆိုးတွေနဲ့ လည်းတူကြတယ်။ မြို့ထဲမှာ အရင်ကမဖြစ်ဖူးတဲ့ ဓားပြတိုက်မှုတွေလည်း ရှိလာတယ်။ လုံး၀လုံခြုံမှုမရှိတော့ဘူး” လို့ ဟားခါးမြိုခံတစ်ဦးက ချင်းဂျာနယ်ကို ပြောပါတယ်။