မနေ့ နို၀င်ဘာ ၇ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
“ဂိတ်စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက်အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ သိရပါတယ်။
နို၀င်ဘာ ၆ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။
စစ်ကောင်စီတပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူတွေ ပြောပြချက်အရသိရှိရသည်။