ထန်တလန် စကစတပ်သား ၂ဦး လက်နက်များနဲ့ CNA/CDF ထံသို့ ထွက်ပြေး

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့၀င်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။

“သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့၀င်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့၀င်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။

ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း မရှိသေးပေ။

ယခု ဒီဇင်ဘာလအတွင်း ဟားခါး-ထန်တလန်အကြားနှင့် ထန်တလန်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘူးလို့ သိရှိရပါတယ်။