ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာမှာ စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်န၀ါရီ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇန်န၀ါရီ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ငလိုင်ကျေးရွာအား ၀င်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး တစ်ဦးကို နေအိမ် ၂လုံးနှင့်အတူ မီးရှို့ခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို ငလိုင်သင်္ချိုင်းကုန်းတွင် စွန့်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ပြည်သူ ၂ဦးသည် ဦးဗန်ဘိခ့် (Van Bik) နှင့် ဦးလာပ်လျန် (Lap Lian) ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သားများသည် ငလိုင်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို တစ်ခုမကျန်ခိုးယူသွားသည့်အပြင် လူနေအိမ်များကိုလည်း စက်ကြီးနဲ့ ထိုးကာ အိမ်တိုင်များပါမကျန်ခိုးယူသွားခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဇန်န၀ါရီ ၁၅ရက်နေ့တွင် CDF-Matupi တပ်ရင်း (၂) နယ်မြေ၊ ဟားခါး-မတူပီလမ်းအနီးရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းကာ CDF-Matupi ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းခံခဲ့ရသည်။
ဇန်န၀ါရီ ၂၁ရက်နေ့တွင် မတူပီ-မင်းတပ်လမ်းနှင့် မတူပီ-ဟားခါးလမ်းတွင် CDF-Matupi, CDF-Zotung, CDF-Mara ပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲ ၅ကြီမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ဦး သေဆုံးခဲ့ကြပြီး သေနက်တစ်လက် (MA-1) လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း CDF-Matupi ၏ ထုတ်ပြန်ချက်အရသိရသည်။