ယနေ့ ဇန်န၀ါရီ ၁၃ရက်၊ မနက်ပိုင်း ၁၀နာရီခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်တွင် မဲစာရင်းလိုက်ကောက်ရာမှာ လုံခြုံရေးယူပေးတဲ့ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရလို့ ဟားခါးမြို့တွင်းနှင့် မြို့အ၀င်ထွက်တွေမှာ တင်းကျပ်စွာစစ်ဆေးနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။
မဲစာရင်းလိုက်ကောက်တဲ့ Non-CDM ၀န်ထမ်းတွေကို စစ်ကောင်စီ ရဲတပ်သားတွေက လိုက်လံလုံခြုံရေးယူပေးနေစဉ် ပစ်ခတ်ခံရတာဖြစ်ပြီး ရဲသားတစ်ဦး ဆေးရုံတွင် သေဆုံးကာ အခြား ရဲ ၄ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဟားခါးဒေသခံတစ်ဦးက “မြို့တွင်းနှင့် မြို့အ၀င်ထွက်တွေမှာ စစ်ဆေးရေးတင်းကျပ်ထားတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ ဈေးဟောင်းရပ်ကွက်ဆိုရင် အိမ်တွေထဲအထိ ၀င်ရောက်ပြီးလိုက်စစ်ကြတယ်” လို့ ပြောပါတယ်။
ဈေးဟောင်းရပ်ကွက်တွင် စစ်ကောင်စီတပ်သားတွေ ယနေ့ညပိုင်းအထိ သွားလာလှုပ်ရှားနေလို့ ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြပြီး အိမ်ပြင်မထွက်ရဲဘဲ အိမ်ထဲမှာဘဲ နေကြပါတယ်။