ဟားခါးမြို့ တွင်း ခရစ္စမတ်ပွဲတော်ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာ ကျင်းပ

ဟားခါးမြို့တွင်း အသင်းတော်များတွင် ခရစ်‌တော်ယေရှုဖွားမြင်တော်မှုခြင်း အထိမ်းအမှတ် ခရစ္စမတ်နေ့ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာကျင်းပကြပြီး တစ်ချို့အသင်းတော်များတွင် နေ့လယ်စာ လဘ္ဘက်ရည်နှင့် ချင်းရိုးရာကောက်ညှင်း သုံးဆောင်ခြင်း အစီစဉ်များဖြင့် ပြုလုပ်ကြပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီး‌နောက်ပိုင်း ချင်းပြည်နယ်တွင် အရင်လို ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား မဆင်နွဲနိုင်တာ ၂နှစ် ရှိသွားပြီဖြစ်သည်။

ခရစ်ယာန်ဘာသာ၀င်အများစုဖြစ်ကြသည့် ချင်းလူမျိုးတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ သခင်ခရစ်တော်ဖွားမြင်တော်မှုခြင်းကို ကြိုဆိုသည့် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်သလို ရပ်ဝေးမှာနေထိုင်ကြသော ဆွေမျိုးများအတွက် မိသားစု၀င်တွေနှင့် ပြန်လည်ဆုံးဆည်းခွင့်ရရှိသည့် အမှတ်တရနေ့တစ်နေ့လည်းဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရပ်ဝေးကဆွေ‌မျိုးတွေ အရင်လိုနေရပ်ပြန်ပြီး မိသားစု၀င်တွေနဲ့အတူခရစ္စမတ်ပွဲတော်ကို နွေးနွေးထွေးထွေး ဆင်နွဲနိုင်ခြင်းမရှိတော့ပေ။ ချင်းပြည်နယ်မြို့ကြီးတွေမှာလည်း ခရစ္စမတ်တေးသံတွေ ပျောက်ကွယ်သွားတာ ၂နှစ်ရှိသွားပါပြီ။

ဟားခါးဘာသာရေးခေါင်းဆောင်များက ခရစ္စမတ်ပွဲတော်ကို စည်ကားစွာ ကျင်းပခြင်းမပြုလုပ်ကြရန် တောင်းဆိုသည့်အတိုင်း ဟားခါးမြို့တွင်းအသင်းတော်အားလုံးကလည်း ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကို တသွေမတိမ်းလိုက်နာကြပြီး အသင်းတော်များရဲ့ စည်းလုံးမှုကို ယနေ့တွင်ကျရောက်သော ခရစ္စမတ်နေ့မှာ ပြသနိုင်ခဲ့ကြပါတယ်။