ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲတွင် အထိနာသော အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၇၇)ကို သွားကြိုရန် ဟားခါးမြို့မှ စစ်တပ်အင်အား ၁၅၀ ၀န်းကျင်ဟာ မေလ ၁၁ရက်နေ့က ဟားခါး-ဂန့်ဂေါ်လမ်းဖက်သို့ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။
ဟားခါးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့နဲ့ ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် နီပီးကျေးရွာ လူနေအိမ်ထဲက ပစ္စည်များကို ဖောက်ထွင်းခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟားခါးနဲ့ ဇိုခွာရွာအကြားတွင် အဆိုပါ စစ်ကူစစ်ကြောင်းနဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က ၄နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာတွင် ညအိပ်သော တပ်မ (၇၇)ဟာ မေလ ၉ရက်နေ့တွင် ဟားခါးမြို့ဖက်သို့ ထွက်ခွာကြပြီး မနေ့က ရွာဗန်ရွာမရောက်ခင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ချင်းဂျာနယ်အနေနဲ့ သိရှိနိုင်ခြင်းမရှိသေးပါ။
ဧပြီလလယ်ပိုင်းလောက်က ဂန့်ဂေါ်မြို့နယ်ဖက်မှ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော တပ်မ (၇၇)ဟာ CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၄၀ ၀န်းကျင် သေဆုံးခဲ့ကြောင်း CDF-Hakha တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မနေ့ကပြုလုပ်တဲ့ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲတစ်ခုမှာ ပြေကြားခဲ့ပါတယ်။