၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့

၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ သေနက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ကြပါတယ်။

မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း ၎င်းရဲ့နေအိမ်အနီး၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။

ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်‌ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။

ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် ရှန်နှဲမ်ကျဲရ် (၂၂) နှစ် သေဆုံးခဲ့သည်။

အောက်တိုဘာ ၃ရက်နေ့တွင် ဟားခါးမြို့နယ်၊ လုံကြွယ်ကျေးရွာမှ ကလေး-ဂန့်ဂေါ်နယ်စပ်သို့ ကြက်၀ယ်ယူရန် သွားရောက်ကြသော ဦးဇော်နီ (၄၇)နှစ်နှင့် ဦးဘွေခမ် (၆၄)နှစ်တို့ နှစ်ဦးအား စစ်ကောင်စီနောက်လိုက် ဗျူစောထီးအုပ်စုက ဖမ်းဆီးပြီး ဆိုင်ကယ်နှင့် ကျပ်ခုနှစ်သိန်းလုယက်ကာ သတ်ဖြတ်ခဲ့ကြသည်။

အောက်တိုဘာ ၁၉ရက်နေ့တွင် ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာ၌ စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် James Siang Za Uk (၆)နှစ် နှင့် Henry Bawi Za Lian (၇)နှစ် သေဆုံးခဲ့ကြပြီး ၆နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နို၀င်ဘာ ၁၅ရက် ညပိုင်းတွင် ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၄နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။