ချင်းတို့ဌာနေမှာ ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ မကျင်းပနိုင်

ချင်းတစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို စစ်ကောင်စီက အာဏာမသိမ်းခင် အရင်နှစ်များတွင် ချင်းပြည်နယ် မြို့ကြီးများတွင် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသော်လည်း ယခုအခါမှာ ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လုံးလုံးလျားလျားပြောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်နဲ့ ၂၀၂၂ခုနှစ် ချင်းအမျိုးသား‌နေ့ကို ချင်းပြည်နယ်မြို့များတွင် ဘုရားကျောင်း၌ ဆုတောင်းခြင်းအစီစဉ်ဖြင့် အကျဉ်းချုံးနဲ့သာပြုလုပ်ခဲ့ကြပါတယ်။

ယခုနှစ်တွင်မှု မာရှယ်လေကြေညာထားသည့် ချင်းပြည်နယ်တွင် ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဆုတောင်းခြင်းအစီစဉ်နဲ့လည်း အကျဉ်းချုံးကျင်းပနိုင်ခြင်း မရှိတော့ပေ။

“ဟားခါးမြို့မှာတော့ ဘာမှမလုပ်ကြတော့ဘူး။ ဘုရားကျောင်းမှာလည်း အရင်လို ဆုတောင်းခြင်းအစီစဉ်တွေမရှိတော့ဘူး။ သူတို့ စစ်ကောင်စီနဲ့ Non-CDM တွေတော့ လုပ်ဖို့အစီစဉ်ရှိတယ်လို့ကြားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

၇၅ နှစ်မြောက်ခြင်း အမျိုးသားနေ့ကို ပြည်ပရောက်ချင်းလူမျိုးက ၎င်းတိုနေရပ်အသီးသီးတွင် စည်ကားစွာကျင်းပခဲ့ကြသလို မီဇိုရမ်ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေကလည်း ဒုက္ခသည်စခန်းများတွင် ဟောပြောခြင်းနဲ့ ရိုးရာအကများဖြင့် ကျင်းပကြကြောင်း သိရပါတယ်။

ပုံစာ – NLD အစိုးရခေတ် ၂၀၂၀ ခုနှစ်တွင် ထန်တလန်မြို့၌ နောက်ဆုံးကျင်းပခဲ့သော ပြည်နယ်အဆင့် ချင်းအမျိုးသာနေ့ မြင်ကွင်းများဖြစ်ပါတယ်။