စကစ လေယာဉ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ပြည်သူ ၂ဦး ဒဏ်ရာရ

မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ည ၁၁:၅၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲခဲ့ရာ နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးဆံထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးပေ။

ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ စကစတပ်မှ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။