ဖားကန့်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ တွေ့ရှိမှု ၈၀ ဝန်းကျင်ထိရှိလာ

ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ ယနေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန Kachin News Group (KNG) ကရေးထားပါတယ်။

ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး KNG ကိုပြောသည်။

“မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိိုမှ မရခဲ့ဘူး ကံဆီးဂိတ်ကနေ ဟိုဘက်ကိုကျော်လို့မရ သလို ဒီဘက်ကိုလည်း လာခွင့်မပေးဘူး ပိတ်ဆို့ထားတုန်း”ဟုပြောဆိုသည်။

လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လူနာများကို ကယ်ထုတ်နိုင်ရန် ဖားကန့်မြို့ အထွက်တွင် တစ်ရက်လုံးစောင့်ဆိုင်းနေခဲ့ကြပြီး ဝင်ခွင့်မပေးသည့်အတွက် အားလုံးလှည့်ပြန်ခဲ့ရသည်ဟုသိရသည်။

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ယနေ့ နေ့လည် ၁ နာရီခွဲအထိ သေဆုံးသွားသည့် ရုပ်အလောင်း ၅၈ ဦးအထိ တွေ့ရှိခဲ့ကြပြီး ယနေ ညနေပိုင်းအထိ ထပ်မံရှာဖွေခဲ့ရာ ၂၀ လောင်ကျော် ပြန်တွေ့ခဲ့ကာ လက်ရှိတွင် သေဆုံးသည့် ရုပ်အလောင်း ၈၀ ခန့်ရှိလာပြီဟုလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ လက်ရှိ အချိန်အထိ လူနာများကို ဆေးရုံကြီးများတွင် ဆေးကုသခွင့် ရရှိနိုင်ရေး ရှိမရှိ မသိရသေးကြောင်း ဆက်လက်သိရသည်။

ထို့နောက် ဖားကန့်မြို့တွင်းဘက်မှာလည်း စစ်ကောင်စီဘက်မှ မြို့တွင်း မြို့ပြင်နေရာများနှင့် လမ်းတံတားများတွင် အသွားအလာ ကား ဆိုင်ကယ် စစ်ဆေးမှုတင်းကြပ်ထားသည်ဟု လည်း ဒေသခံများပြောသည်။