သိက္ခာတော်ရ ဆရာတော်ကို စကစက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချ

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် ၂၃ နှစ်အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးကပြောသည်။

“၅၀၅ (က) ရယ် ၄၉ (က) ရယ် ပုဒ်မနှစ်ခုနဲ့စွဲထားတာ။ ၅၀၅(က) ကဒီနှစ်ဇွန်လ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတာ။ ၄၉ (က) က မနေ့ကမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတာ၊ နှစ်ခုပေါင်းရင်တော့ ၂၃ နှစ်ဖြ စ်သွားတယ်’’ ဟု ဆရာတော်၏ မိသားစုဝင်ကပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိသည့် သိက္ခာတော်ရ ဆရာသျှန်းလျှန်ဆန်းသည် ခရစ်ယာန်ဘာသာဝင်သင်းအုပ်ဆရာတော်များ ၏ သိက္ခာတော်နှင့်အညီ နိုင်ငံရေးလှုပ်ရှားမှုမျာတွင် ပါဝင်ပက်သက်ခြင်းရှိသူမဟုတ်သည့်အပြင် ဓမ္မအမှုကို အေးချမ်းစွာ ဆောင်ရွက်နေသူဖြစ်ပြီး တောင်ပေါ်ဒေသများတွင် ဆင်းရဲနွမ်းပါး သူများကိုလည်း ကျန်းမာရေးကူညီထောက်ပံ့ပေး နေသူ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က သိက္ခာတော်ရဆရာတော်ကို မန္တလေးမြို့ ၇၉ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားရှိနေအိမ်သို့ စစ်ကောင်စီလက်အောက်ခံများ အရပ်ဝတ်နှင့် လက်နက်အပြည့် အစုံဖြင့်ရောက်လာပြီး မေးမြန်း စရာရှိသူဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆရာတော်၏ နေအိမ်အတွင်းမှ ငွေသား ကျပ်သိန်း ၄၀ ကိုလည်း စစ်ကောင်စီလက်အောက်ခံများက ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဆရာတော်ကို ယခုလက်ရှိတွင် မန္တလေးမြို့ အိုးဘိုထောင်တွင် ထိန်းသိမ်းထားကာ ယမန်နေ့က မိသားစုနှင့် ခဏတွေ့ ခွင့်ရခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။