အိန္ဒိယနိုင်ငံ ဖာရ်ကောန်ရွာနဲ့ ၇မိုင်ခန့်အကွာတွင် စကစတိုက်လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲ

ဇန်နဝါရီ ၁၀ရက်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNF ဌာနချုပ် လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီပစ်ခတ်လိုက်သော ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဖာရ်ကောန်ကျေးရွာနှင့် ၇မိုင် ကျော်ကျော် (၁၂ကီလိုမီတာ) တွင် ကျရောက်ပေါက်ကွဲသွားကြောင်းသိရပါတယ်။

အိမ်နီးချင်းနိုင်ငံအတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိသော်လည်း အနီးနားရှိကားတစ်စီး ပျက်ဆီးသွားပါတယ်။

အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိအစိုးရဖက်က ပေါ်ပေါ်ထင်ထင် ပြောဆိုကန့်ကွက်တာမျိုး မရှိသေးပါဘူး။

ဒီမိုကရေစီအရေးလှုပ်ရှားသူ ဆလိုင်းကျဲအိုဘိခ့်ထောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ယခုအချိန်အထိအိန္ဒိယအစိုးက မျက်လုံးစုံမှိတ် မသိကျိုးကျွန်ပြုသော်လည်း မီဇိုရမ်ပြည်သူများအနေနဲ့ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ကန့်ကွက်သင့်ကြောင်း ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။