ဟာခါးမြို့ တွင်း ဆိုင်ခန်းအများအပြား ချိတ်ပိတ်ခံရ၊ ဆိုင်ရှင်များကို ရဲစခန်းသို့ခေါ်ဆောင်

CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်န၀ါရီ ၁၁ရက်နေ့က ဟားခါးမြို့တွင်း ဆိုင်ပိတ်ခဲ့သော ဆိုင်ခန်းအများအပြားကို စစ်ကောင်စီတပ်က ယနေ့ ဇန်န၀ါရီ ၁၂ရက်နေ့တွင် ဆိုင်ရှေ့မှာစာတွေကပ်ပြီး ချိတ်ပိတ်ကြပါတယ်။ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဆိုင်ပိတ်သူများကို ဆိုင်သိမ်းမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ပြီး မွန်းလွဲ ၁နာရီနောက်ပိုင်း ဆိုင်ပြန်ဖွင့်သူတစ်ချို့ရှိကြသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိကြပါတယ်။ ၁နာရီနောက်ပိုင်း ပိတ်ထားသောဆိုင်ခန်းများကို စစ်ကောင်စီတပ်သားများက ဓါတ်ပုံတွေလိုက်ရိုက်ခဲ့ပြီး ယနေ့တွင် စာတွေကပ်ကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။ ချိတ်ပိတ်ခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရဲစခန်းသို့ ခေါ်ဆောင်ကြပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြှောက်လာခြင်းရှိမရှိမသိရှိရသေးပေ။ CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသမှုကြောင့် ဆိုင်ခန်းတွေချိတ်ပိတ်ခြင်းဖြင်သော်လည်း စစ်ကောင်စီတပ်သားတွေကပ်ထားသော စာထဲမှာမူ “အကြမ်းဖက်မှုကျူးလွန်းသူ တစ်ဦးကို ပုန်းအောင်းခွင့်ပေးခြင်းကြောင့်…” ဟု ရေးထားသည်ကို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ ဖာရ်ကောန်ရွာနဲ့ ၇မိုင်ခန့်အကွာတွင် စကစတိုက်လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲ

ဇန်နဝါရီ ၁၀ရက်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNF ဌာနချုပ် လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီပစ်ခတ်လိုက်သော ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဖာရ်ကောန်ကျေးရွာနှင့် ၇မိုင် ကျော်ကျော် (၁၂ကီလိုမီတာ) တွင် ကျရောက်ပေါက်ကွဲသွားကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံအတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိသော်လည်း အနီးနားရှိကားတစ်စီး ပျက်ဆီးသွားပါတယ်။ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိအစိုးရဖက်က ပေါ်ပေါ်ထင်ထင် ပြောဆိုကန့်ကွက်တာမျိုး မရှိသေးပါဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဆလိုင်းကျဲအိုဘိခ့်ထောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ယခုအချိန်အထိအိန္ဒိယအစိုးက မျက်လုံးစုံမှိတ် မသိကျိုးကျွန်ပြုသော်လည်း မီဇိုရမ်ပြည်သူများအနေနဲ့ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ကန့်ကွက်သင့်ကြောင်း ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဟားခါး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမည်ဟု စကစတပ်ဖွဲ့ ခြိမ်းခြောက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ဈေးဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်သားများက ဟားခါးမြို့တွင်း၌ ကားဖြင့်လှည့်လည် လိုက်အော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ် လို့ လိုက်အော်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ CNF/A ဌာနချုပ် Camp Victoria လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ရဲဘော်များအတွက် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့ တွင် ဟားခါးမြို့တွင်း ဈေးဆိုင်အကုန်လုံး ပိတ်ထားကြပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် CNF/A ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီး

ယနေ့ ညနေပိုင်း ၄း၅၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ CNF Headquarters, Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မှံ ဗုံးကြဲခဲ့ရာ ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။ အဆိုပါပြင်ပလူနာဆောင်သည် နီးစပ်ရာကျေးရွာများမှ အများပြည်သူ လူနာများအား လက်ခံကုသပေးသည့် နေရာဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်သည်။ ယနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် Camp Victoria ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးပေ။