ချင်းအိမ်အကူသေဆုံးမှုတွင် အသက် ၆၄နှစ် အမျိုးသမီးကို ထောင်ဒဏ် ၁၄နှစ်ချမှတ်

ချင်းအိမ်အကူ မ Piang Ngaih Don သေဆုံးမှုတွင် အဓိကပါ၀င်ပတ်သက်သူတစ်ဦးဖြစ်သည့် အသက် ၆၄နှစ်အရွယ် Prema S. Naraynasamy ဆိုသူ အမျိုးသမီးကို ယနေ့ ဇန်န၀ါရီ ၉ရက်တွင် စင်ကပူတရားရုံးက ထောင်ဒဏ် ၁၄နှစ် ချမှတ်လိုက်ကြောင်း The Strait Times သတင်းက ဖော်ပြထားပါတယ်။

မ Piang Ngaih Don သည် ၂၀၁၅ခုနှစ် အစောပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စင်ကပူနိုင်ငံသို့သွားရောက်ပြီး Prema S. Naraynasamy တို့မိသားစုနေအိမ်၌ အိမ်အကူအလုပ်၀င်လုပ်ခဲ့သည်။

အောက်တိုဘာ ၂၀၁၅ ခုနှစ်ကစပြီး အိမ်ရှင်မိသားစု၀င်များဖြစ်ကြသည့် Prema S. Naraynasamy နှင့် ၎င်းရဲ့သမီး Gaiyathiri Murugayan (၄၁)နှစ် တို့က မ Paing Ngaih Don ကို လူမဆန်စွာ နှိပ်စက်ရိုက်နှပ်ခဲ့ကြသည်။

မ Paing Ngaih Don နှိပ်စက်မှုတွင် Gaiyathiri Murugayan ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ စင်ကပူရဲတပ်ဖွဲ့၀င် Kevin Chelvam (၄၃)နှစ် လည်းပါ၀င်ကြောင်း တရားရုံးက ကြားနာခဲ့ပါတယ်။

မ Paing Ngaih Don နှိပ်စက်သေဆုံးစေမှုတွင် အဓိကတရားခံဖြစ်သူ Gaiyathiri Murugayan ကို ဇွန်လ ၂၀၂၁ ခုနှစ်က စင်ကပူတရားရုံးက ထောင်ဒဏ် ၃၀နှစ် ပစ်ဒဏ်ပေးခဲ့ပါတယ်။

Gaiyathiri Murugayan ရဲ့ ခင်ပွန်းဟောင်း Kevin Chelvam သည် ရဲတပ်ဖွဲ့တာ၀န်မှ အနားပေးခံရပြီး တရားရုံးက ၎င်းရဲ့အမှုကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။

အိမ်ရှင်မိသားစု ၃ဦးက အစာငတ်ခံထားရှိပြီး လူမဆန်စွာနှိပ်စက်မှုကြောင့် မ Paing Ngaih Don သည် ၎င်းသေဆုံးချိန် ဇူလိုင်လ ၂၆ရက် ၂၀၁၆ခုနှစ်တွင် ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ် (၅၃ပေါင်) မျှသာ ရှိတော့ကြောင်း The Strait Times သတင်းက ဖော်ပြထားပါတယ်။