စစ်ကောင်စီကို တိုက်ခိုက်ရင်း ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော်ကျဆုံး

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်သည့် ၂နှစ်ခွဲကျော်ကာလအတွင်းမှာ ချင်းတော်လှန်ရေးရဲဘော် ၃၁၁ဦး ကျဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာ ၁၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းပြည်နယ်တွင်တိုက်ပွဲပေါင်း ၇၅၀ နီးပါးအထိ ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့၀င်များဖက်က သေဆုံးမှု ၃၁၀ဦးအထိ ရှိတယ်လို့ ICA ကဆိုပါတယ်။

အဆိုပါ ၃၁၁ဦးအနက် ၂၉၆ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၁၅ဦးမှာ အမျိုးသမီး တော်လှန်ရေးသမားများဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေး တပ်ဖွဲ့၀င် ၁၅ဦး၊ မြေမြုပ်မိုင်းကြောင့် ၂၃ဦး၊ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်မှုကြောင့် ၁၁ဦး၊ အလောင်းဖျောက်မီးရှို့မှုကြောင့် ၉ဦး၊ ဒဏ်ရာရရှိပြီးနောက် ဆေးဝါးကုသခွင့်မရရှိခြင်းကြောင့် ၁၈ဦးနှင့် စစ်ကောင်စီနှင့် ‌ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်များအကြားတိုက်ပွဲ့အတွင်း ၂၃၅ဦး ကျဆုံးခဲ့တယ်လို့ ICA ကဖော်ပြထားပါတယ်။

“စစ်ကောင်စီ၏ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ” မှတ်တမ်းကို ICA က အောက်တိုဘာ ၁၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ ပြည်ပရန်သူအလား ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လက်နက်ကြီးများ အသုံးပြုမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ချင်းအရပ်သားပြည်သူသေဆုံးမှု ၂၁၇ဦး အထိ ရှိခဲ့ပြီလို့လည်း ဖော်ပြထားပါတယ်။