ဖလမ်းမှာ အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်းလေးကျေးရွာမှာ အောက်တိုဘာ ၁၈ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် တောထဲမှာ လိပ်ပြာဥရှာတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးဟာ ဇောင်းလေးကျေးရွာနေ ကလေး ၆ယောက်မိခင်ဖြစ်သည့် ဒေါ် ဗျက်နှဲမ်း (၄၅) နှစ်လို့ သိရပါတယ်။

ယနေ့ မနက်ပိုင်းတွင် ဒေါ် ဗျက်နှဲမ် နဲ့ အဖော် ၄ ယောက်ဟာ လိပ်ပြာဥရှာဖို့ တောထဲကို သွားကြရာမှာ ခမရ (၂၆၈) စစ်ကောင်စီတပ် စခန်းချထားသည့် ထင်းရှူးစခန်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းနင်းမိတဲ့ ဒေါ် ဗျက်နှဲမ်ဟာ ညာဖက်ခြေထောက်ပြက်သွားပြီး သွေးထွက်လွန်ကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာလည်း မဏိပူရ်မြစ်တွင်ငါးဖမ်းဖို့သွားတဲ့အသက် (၅၂)နှစ်အရွယ် ဦးငွန်ကစ်ခွေလ်းက မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်မှ ယနေ့အချိန်အထိ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အနည်းဆုံး ပြည်သူ ၂၂ဦး သေဆုံးပြီး ၄၀ဦး ကျော် ဒဏ်ရာရရှိကြတယ်လို့ CHRO က ဖော်ပြထားပါတယ်။