ချင်းလဲန်းကောင်စီညီလာခံ ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ချင်းလဲန်းကောင်စီညီလာခံကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference – WCCCC) ကို ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း WCCCC က စက်တင်ဘာ ၂၂ရက်‌နေ့ ယနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို စက်တင်ဘာလ ၇ရက်နေ့မှ ၉ရက်နေ့အထိ ‌နယ်စပ်တစ်ရာတွင် ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၀၈ဦး တက်ရောက်ခဲ့ပါတယ်။

ယင်းအစည်းအဝေးတွင် တော်လှန်ရေးကာလ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဉပဒေ ပေါ်ပေါက်လာရေး၊ ချင်းလဲန်းကောင်စီဖွဲ့စည်းရေးနှင့် ချင်းလဲန်း ဉပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဏိုင် (၃)ရပ် ဖွဲ့စည်း‌တည်ထောင်ရေးတို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပဖော်ဆော်ရန် သဘော်တူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တာ၀န်ပေးအပ်ခြင်းခံရသည့် WCCCC ဟာ တော်လှန်ရေးကာလ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဉပဒေ မူးကြမ်းရေးဆွဲခြင်းနှင့် ချင်းလဲန်းကောင်စီညီလာခံကြီး ကျင်းပနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိတယ်လို့ WCCCC ကဆိုပါတယ်။

စက်တင်ဘာ ၇ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးတွင် ဖလမ်းမြို့နယ်ထဲက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) နှင့် တီးတိန်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဇိုမီးဖယ်ဒရယ်ယူနီယံ (ZFU) မှ ကိုယ်စားလှယ်များ မတက်ရောက်နိုင်ကြဘူးလို့ သိရပါတယ်။