ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကိုဆုတောင်းခြင်း အစီစဉ်နဲ့ကျင်းပ

ပြည်တွင်းနှင့် ပြည်ပမှာ ခိုလှုံနေထိုင်ကြသော ထန်တလန် စစ်ဘေးရှောင်များက ၎င်းတို့ခိုလှုံရာနေရပ်အသီးသီး၌ ထန်တလန်စစ်ဘေးရှောင်ခြင်း ၂နှစ်ပြည့်ကို ဆုတောင်းခြင်း အစီစဉ်များနဲ့ ကျင်းပပြုလုပ်ကြပါတယ်။

ဟားခါးမြို့မှာ ခိုလှုံနေထိုင်ကြသော ထန်တလန်စစ်ဘေးရှောင်များက စက်တင်ဘာ ၁၀ရက်နေ့မှာ ၎င်းတို့စစ်ဘေးရှောင်းခြင်း ၂နှစ်ပြည့်ကို ဆုတောင်းခြင်းနဲ့ ကျင်းပခဲ့သလို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာလည်း ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကို စက်တင်ဘာ ၁၆ရက်နေ့ ဒီကနေ့မှာ ၀က်ပြုဆုတောင်းခြင်း အစီစဉ်နဲ့ ပြုလုပ်ကြပါတယ်။

“အခုဆိုရင် ကျနော်တို့ စစ်ဘေးရှောင်ဘ၀နဲ့ နေလာတာ ၂နှစ်ရှိသွားပြီ။ အချိန်‌တွေကြာလာပေမယ့် ဘုရားသခင်ဟာ ကျနော်တို့နဲ့အတူ အမြဲတမ်းရှိတယ် ဆိုတာကို သတိရဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကို ဆုတောင်းခြင်းနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်” လို့ လောင်တလိုင်မြို့မှာ စစ်ဘေးရှောင်နေသော ထန်တလန် ဒေသခံ အမှု‌တော်ဆောင်တစ်ပါးက ပြောပါတယ်။

အောက်တိုဘာ ၂၉ရက်နေ့ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ကို့ စတင်မီးရှို့ခဲ့ပြီး စက်တင်ဘာလ အစောပိုင်းတွင် မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ ထန်တလန်မြို့မီးရှို့ခံပြီးနောက် ဟားခါးမြို့နဲ့ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သူတွေရှိကြသလို မီဇိုရမ်ပြည်နယ်မှာလည်း အများအပြားခိုလှုံကြပါတယ်။

မီဇိုရမ်ပြည်နယ်၊ ဆာငိုမြို့၌ စစ်ဘေးရှောင်နေသော ထန်တလန်မြို့ခံတစ်ဦးက “စစ်ဘေးရှောင်ဘ၀နဲ့ ကျနော်တို့ ၂နှစ်တိတိနေလာကြပြီ။ ဒီကာလအတွင်း အခတ်အခဲ တော်တော်များများ ကျနော်တို့ကြုံတွေ့ခဲ့ရတယ်။ ဘယ်‌လောက် ကြာဦးမှာလဲဆိုတာ ကျနော်တို့ မသိနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အိမ်ပြန်ဖို့နေ့ရက် ပိုမိုနီးကပ်လာတယ်လို့ ခွန်အားယူတက်ဖို့လိုတယ်။ လက်ရှိတော်လှန်ရေးမှာ မတူညီတဲ့နည်းလမ်းတွေနဲ့ကျနော်တို့တွေ အားလုံးပါ၀င်ကြပါတယ်။ ကျတော်တို့စစ်ဘေးရှောင်တွေလည်း တော်လှန်ရေးမှာ ပါ၀င်တဲ့သူတွေဖြစ်ကြတယ် ဆိုတာကို မမေ့ဖို့လိုအပ်တယ်” လို့ပြောပါတယ်။