မီဇိုရမ်၊ စိုင်ဟားမြို့မှာ NUG အသိမှတ်ပြု ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးဒုက္ခသည် ကလေးတွေအတွက် Myanmar Refugee Committee, Saiha (MRCS) က ယနေ့ မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် NUG အသိအမှတ်ပြုသော ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ကျောင်းဖွင့်ပွဲကို စိုင်ဟားမြို့ YMA ခန်းမ၌ ယနေ့ညနေ ၃နာရီတွင် ကျင်းပခဲ့ပြီး မြန်မာဒုက္ခသည်ကျောင်းသား ကျောင်းသူများ၊ မိဘများနဲ့ တာ၀န်ရှိပဂ္ဂိုလ်များ ဦးရေ ၂၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်လွတ်တော်အမတ်ဟောင်း ဒေါ်နီရွှေလျန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ပညာသင်ကြားဖို့ ကျောင်းသားကျောင်းသူ ဦးရေ ၁၉၂ ယောက် က နာမည်ပေးထားပြီး မေလ ၂၂ရက်နေ့တွင် မြန်မာသင်ရိုးအတိုင်း သင်ကြားရေးစတင်မယ်လို့ စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး တာ၀န်ထမ်းဆောင်သူ ဒေါက်တာ ပဲန်မှုန်လိန်း ကပြောပါတယ်။

မြန်မာဒုက္ခသည်ကလေးများ စာသင်ကြားနိုင်ဖို့ Diamond Private School က ၎င်းတို့ရဲ့ စာသင်ခန်းများကို အသုံးပြုခွင့်ပေးထားပြီး အစိုးရကျောင်းဆင်းပြီး ညနေ ၃နာရီနောက်ပိုင်းတွင် မြန်မာဒုက္ခသည်ကျောင်းသူကျောင်းသားများ အတန်းဆက်တက်ကြမယ်လို့ ဆရာကြီးက ဆက်ပြောပါတယ်။