ZRA အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲသော အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် အခြေစိုက် Zomi Revolutionary Army (ZRA) လက်နက်ကိုင်အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang က စက်တင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ZRA လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဩဂုတ် ၃၁ ရက်နေ့တွင် CDF-Tonzang တပ်ဖွဲ့ရဲ့ ယာယီစခန်းကို သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ရာ CDF-Tonzang တပ်ဖွဲ့၀င် ပေါင်ကပ်ထန် ကျဆုံးခဲ့ပြီး လက်နက်တစ်ချို့ ဆုံးရှုံးခဲ့ရတယ်လို့ CDF-Tonzang ကဆိုပါတယ်။

CDF-Tonzang တပ်ဖွဲ့ဟာ ZRA ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော တော်လှန်ရေးတပ်ဖွဲ့ မဟုတ်သော်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းသော ZRA တပ်ဖွဲ့ကို အခြေအနေအရ မဖြစ်မနေလက်စားချေ တိုက်ထုတ်ရတော့မယ်လို့ ကြေညာထားပါတယ်။

CDF-Tonzang တပ်ဖွဲ့ဟာ Chinland Joint Defense Committee (CJDC) အဖွဲ့ဝင်ဖြစ်တာနဲ့အညီ တွန်းဇံမြို့ နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ အပေါင်းပါများအား တော်လှန်တိုက်ထုတ်ရန်တာ၀န်ရှိတယ်လို့လည်း CDF-Tonzang ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။