ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊ တောင်ယာလုပ်ငန်းနှင်ြစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ ခေတ္တ ရပ်ဆိုင်းထားရန် CDF-Mindat က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်အင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ်၊ အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။
နောက်ထပ် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၁) ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ခံထားရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်မှုများ စဉ်ဆက်မပြက်ပြုလုပ်လျက်ရှိပြီး ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။
ယနေ့တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ နှစ်ဖက် ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိမှုများ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။