အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေး မစွပ်ဖက်ရန် CNF တိုက်တွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးတွေအနေနဲ့ မိမိခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စမှာ ၀င်ရောက်စွပ်ဖက်ခြင်းမပြုလုပ်ရန်နဲ့ အဆိုပါနိုင်ငံရဲ့ နိုင်ငံသားစီစစ်ရေးကဒ်များကို တရားမ၀င်သော နည်းလမ်းဖြင့် ရယူပိုင်ဆိုင်မှုမျိုး မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းပြည်သူတွေကို တိုက်တွန်းပါတယ်။

ထို့အပြင် သူများနိုင်ငံရဲ့ ဉပဒေစိုးမိုးရေးကို ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပတ်သက်ခြင်း မပြုလုပ်ကြရန်လည်း CNF က တိုက်တွန်းလိုက်ပါတယ်။

အထူးသဖြင့် ချင်းလူမျိုးများခိုလှုံရာ အိမ်နီးချင်းနိုင်ငံသို့ မှုးယစ်ဆေးဝါး တင်သွင်းခြင်းကို CNF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုံး၀သည်းခံမှာ မဟုတ်ဘူးလို့ ‌CNF က အသိပေးပါတယ်။

အိမ်နီးချင်းနိုင်ငံများတွင် ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံနေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်‌ဆောက်နိုင်ရန် CNF မှ ကြိုးစားအားထုတ်လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် တရားမ၀င်‌သော လုပ်ငန်း လုပ်ကိုင်သူများကို လိုအပ်သလို့ အရေးယူဆောင်ရွက်သွားမယ်လို့ CNF က ဇူလိုင် ၁၆ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

ချင်းလူမျိုးတွေ အဓိက ခိုလှုံနေထိုင်ကြသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်ဖက်မှ ၀င်ရောက်လာသော မူးယစ်ဆေးဝါးများ နေ့စဉ်ဆိုသလိုဖမ်းဆီးမှုတွေ ရှိနေပြီး ဇူလိုင်လ ၁၄ရက်နေ့ကလည်း ချင်းအမျိုးသားတစ်ဦးကို လုံလဲခရိုင် တရားရုံးက မူးယစ်ဆေးဝါးမှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ယခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးများအနေနဲ့ မိမိခိုလှုံ‌နေထိုင်ရာ လူမှုအသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေးကိစ္စရပ်များတွင် ၀င်ရောက်စွပ်ဖက်ခြင်း မပြုလုပ်ကြရန် မြို့နဲ့ ရပ်ရွာအလိုက်ဖွဲ့စည်းထားသော ချင်းစစ်ဘေးရှောင်ကူညီရေး ကော်မတီတွေက အသိပေး တိုက်တွန်းတာတွေလည်း ပြုလုပ်ကြပါတယ်။