ဟားခါးမှာ ရဲတစ်ဦးပစ်သတ်ခံရပြီး‌ စကစတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်

မနေ့ ဇွန်လ ၉ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ အကြမ်းဖက်စစ်ကောင်စီရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များက အပစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ညနေပိုင်း ၅နာရီခွဲခန့်တွင် ပြည်တော်သာရပ်ကွက်၊ ၀မ္မတူးမောင်အားကစားကွင်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်သား ဦးနှီယာန်ဘိခ့် သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ည ၇နာရီအချိန်ခန့်တွင် ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သာမန်အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“ညနေပိုင်း ၅နာရီခွဲလောက်မှာ ၀မ္မတူးမောင်အားကစားကွင်း၀င်ပေါက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတစ်ဦး သေသွားတယ်။ သေနတ်သံတွေကြားတာနဲ့ အနီးနားက ဈေးဆိုင်တွေလည်း အကုန်ပိတ်ကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ၇နာရီလောက်မှာ ဗိုလ်ချုပ်လမ်းမဖက်မှာ ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားသော အဆိုပါအရပ်သားဟာ အသက် ၄၆နှစ်အရွယ် ဦးသောခ့်ဟဲလျန် ဖြစ်ကြောင်းသိရှိရပြီး အဖော်တစ်ဦးနဲ့ အိမ်ပြန်ရာလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ကြုံဆုံမိရာမှာ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းနဲ့အတူပြန်လာသော အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရှိပါတယ်။