ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်

စစ်ကောင်စီက ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယိုကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယနေ့ သြဂုတ်လ (၉) ရက် ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆ခုနှစ် မှ၂၀၂၁ခုနှစ် လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင်လ ၃၁ရက်နေ့တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရပြီး သြဂုတ်လ ၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါတယ်။

သို့ဖြစ်ပါ၍ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဇူလိုင် ၃၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ကာလုံအစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅) အရ အာဏာသက်တမ်း ၆လတိုးပေးရန် တင်ပြမှုအပေါ် တက်ရောက်လာသူများက ထောက်ခံအတည်ပြုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းချာနယ်များက ဖော်ပြပါတယ်။