စကစ စစ်ကြောင်းထိုးလို့ ကန်ပက်လက်တွင် စစ်ဘေးရှောင် ၂ထောင်ခန့်ထပ်တိုး

မကွေးတိုင်းဖက်မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင် ၂ထောင်ခန့် ထပ်တိုးလာတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထောက်ပို့ယာဉ်တန်းနဲ့ စစ်သားအင်းအား ၃၀၀ခန့်ပါရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Kanpetlet တပ်ဖွဲ့တို့ မဆာတွီကျေးရွာနှင့် ဆွဲလွဲကျင်းကျေးရွာ အကြားတွင် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ CDF-Kanpetlet ကဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖက်ကို ဦးတည်နေပြီး ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၅ရွာမှ ပြည်သူ ၁၅၀၀ခန့် နဲ့ မကွေးတိုင်း၊ ဆောမြို့နယ် ကျေးရွာ ၃ရွာမှ ပြည်သူ ၅၀၀ခန့်ဟာ ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။

ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-Kanpetlet တပ်ဖွဲ့အကြား မီနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်ပိုင်း ၁၁နာရီခန့်တွင် စစ်ကောင်စီက ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို လေကြောင်းနဲ့ ဗုံး ၅လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် မဆာတွီကျေးရွာ BCM ဘုရားရှီခိုးကျောင်းနဲ့ လူနေအိမ် ၅ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။