ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးကို ဖျက်စီးနိုင်ခဲ့သော ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။
ယနေ့ ဇူလိုင် ၄ ရက်တွင် NUG ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
“ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်”ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့် တက်လာသော အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးနဲ့ ကုန်တင်ကား ၃၀စီးခန့်ကို ယခုနှစ် ဧပြီလ ၁၃ရက်နေ့က ဟားခါး-ဖလမ်းအကြား ချွန်ကျုံးရွာတွင် CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က ချေမှုန်းနိုင်ခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဟားခါး-ဖလမ်းအကြားရှိ ဇိန်မှုတောင် (Zinghmuh Tlang) ကို အမှီပြုပြီး ဇိန်မှုစစ်ဆင်ရေးလို့ အမည်ပေးထားပါတယ်။