တော်လှန်ရေး ကြာလာပေမယ့် ပြည်သူတွေ အားပေးပံ့ပိုးမှု လျော့မကျ

လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ချင်းပြည်သူတွေရဲ့ အားပေးပံ့ပိုးမှုဟာ လျော့ကျမသွားဘဲ ပိုမိုအားကောင်းလာတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဗိုလ်မှူးကြီး ဆော်လမွန်ထန်ဒိန်းက ချင်းဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။

“နွေဦးတော်လှန်ရေးပေါ်ပေါက်လာတော့ ကျနော်တို့ ချင်းတစ်မျိုးသားလုံး၊ လူကြီးလူငယ်အပါ၀င် အဖွဲ့အစည်းအားလုံးက CNA နဲ့ CDF ကို အမျိုးသားရေးစိတ်ဓါတ်နဲ့ အားပေးပံ့ပိုးလာကြတယ်။ ဉပမာပြောရရင် အစပိုင်းမှာ ဒေါ်လာ တစ်ရာ၊ နှစ်ရာထည့်၀င်တဲ့သူတွေက အခုနောက်ပိုင်းဆိုရင် ဒေါ်လာ ငါးထောင်တောင် ထည့်၀င်လာကြတယ်။ အဲဒီအဆင့် ဖြစ်လာတယ်ဆိုတော့ ကျနော့်အမြင်ပြောရင် လက်ရှိတော်လှန်ရေးမှာ ပြည်သူတွေရဲ့ CNA နဲ့ CDF အပေါ်အားပေးပံ့မှုက လျော့ကျသွား‌တာ မတွေ့ရဘူး” လို့ ပြောပါတယ်။

အခုလို ပြည်သူတွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုနဲ့ ပံပိုးမှုတွေ ရရှိခြင်းဟာ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူတွေက အနိုင်တိုက်ချင်ကြလို့ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“အခုက ပြည်သူတွေက စကစကို အနိုင်ကိုတိုက်ချင်ကြတာ၊ အနိုင်ကိုပိုင်းချင်တာ။ ဒီစစ်တပ်ကို ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး၊ ကျနော်တို့တွေ နိုင်ငံခြားဘဲ ရောက်ရောက် ဒီတစ်ခါမနိုင်ရင် ကျနော်တို့ ပြည်ထောင်စုကြီးနဲ့ လူငယ်တွေရဲ့ အနာဂတ် ရှိမှာမှာမဟုတ်ဘူး ဆိုတာကို ပြည်သူတွေက ကောင်းကောင်းနားလည်လာကြတယ်။ တော်တော် အားရစရာလည်းကောင်းတယ်။ ဒီတော်လှန်‌ရေးမှာ အလွှာပေါင်းစုံက လူထုတွေပါ၀င်လာကြတော့ မနိုင်စရာ မရှိ‌ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး အောင်နိုင်ဖို့အတွက် CNA အပါအ၀င် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုအားလုံး အရေးကြီးတဲ့ အခန်းကဏ္ဠမှာ ပါ၀င်ကြပြီး လူအင်အား၊ ငွေအင်အားနဲ့ လက်နက်အင်အားများဖြင့် ပြည်သူတွေက ဆက်လက်အားပေးပံပိုးကြဖို့လည်း ဗိုလ်မှူးကြီး ဆော်လမွန်ထန်ဒိန်းက တိုက်တွန်းလိုက်ပါတယ်။