ထန်တလန်မြိုနယ် သီလိမ်စစ်‌ဆင်ရေးမှာ စကစတပ်သား ၁၅ဦး သေဆုံးပြီး

CDF-Thantlang၊ CDF-Zohpei နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းဆင်နွဲခဲ့တဲ့ ထန်တလန်မြို့နယ်အတွင်း သီလိမ်စစ်ဆင်ရေး (Tilim Operation) မှာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်တွင် ၄ဦး ကျဆုံးခဲ့ကြောင်း CDF-Thantlang က အသိပေးထုတ်ပြန်ပါတယ်။

သီလိမ်စစ်‌ဆင်ရေးကို ဇူလိုင်လတွင် စတင်ခဲပြီးယင်းစစ်ဆင်းရေးအတွင်း ထန်တလန်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အော်တိုတောင်စခန်း၊ ဟောင်ကာဘုံးစခန်း (Haukabung) နဲ့ ထန်တလန်မြို့ထဲရှိ စစ်ကောင်စီတပ်ခြေကုတ်ယူထားသည့် TCB၊ TABC နေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ ဟောင်ကာဘုံး တိုက်ပွဲတွင် အဆိုပါစခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

ရက်ပေါင်း ၃၇ ကြာမြင့်ပြီဖြစ်တဲ့ သီလိမ်စစ်ဆင်ရေးတွင် စစ်ကောင်စီဖက်က စစ်သား ၁၅ဦး သေဆုံး၊ ၃၀ကျော် ဒဏ်ရာရ၊ ၂ဦး အရှင်ဖမ်းမိပြီး နောက်ထပ်စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၃လက်နဲ့ RPG ၂လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-Thantlang ကဆိုပါတယ်။

ဟောင်ကာဘုံးစခန်းသိမ်းတိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နဲ့ ချင်းပူးပေါင်းတပ်ကို တိုက်ခိုက်သည့်အပြင် တိုက်ပွဲနဲ့မဆိုင်တဲ့ ခွာဖိုကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခွါဖိုရွာတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၇လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့နယ်တွင် တပ်အင်အား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး မိဘပြည်သူများ အသွားအလာသတိထားကြရန် CDF-Thantlang က အသိပေးထုတ်ပြန်လိုက်ပါတယ်။