ထန်တလန် စကစ စခန်းတစ်ခုကို သိမ်းပိုက်ပြီး တပ်သား ၂ဦးဖမ်းမိ

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီ စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ကို အရှင်ဖမ်းမိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ကထုတ်ပြန်ပါတယ်။

ထန်တလန်မြို့အ၀င်နားရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်ခွဲစခန်းကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ကျဆုံးမှုအခြေအနေ အတိအကျမသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၆လက်ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

အထိနာသော စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်မပြင် တိုက်လေယာဉ်နဲ့ပါ CNA နဲ့ CDF တွေကိုလာရောက် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၅မိုင်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ နှစ်ခြင်းဘုရားကျောင်းအပါအ၀င် လူနေအိမ် ၄လုံး ပျက်စီးခဲ့ပါတယ်။

ခွါဖိုရွာ ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ရွာသားတွေ စစ်ရှောင်နေကြလို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလိူ့ သိရပါတယ်။