By Van Bawi Lian | မနေ့ ဇန်န၀ါရီ ၁၈ရက် ညနေပိုင်း ၃နာရီခွဲခန့်တွင် ဖလမ်းမြို့၊ Farthawk ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။
Canmary စာသင်းကျောင်းဖက်သို့ ဆင်းသွားသော စစ်ကောင်စီရဲတပ်ဖွဲ့အား ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်များက အသင့်စောင့်ဆိုင်းအနေအထားဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရသည်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်သား တစ်ဦး သေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေကပြောဆိုကြသော်လည်း ချင်ဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ ယင်းပစ်ခတ်မှုသည် CNA တပ်ဖွဲ့၀င်များက ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီရဲတပ်သား ၃ဦး သေဆုံးခဲ့ကြောင်း People’s Spring သတင်းဌာနသို့ အတည်ပြုပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ယောက် ပေါင်တွင်ကျည်ထိဒဏ်ရာရရှိပြီး ရပ်ကွက်နေပြည်သူ ၃၀ဦးခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က ဖလမ်းမြို့တွင် ည၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အတွက် ပြည်သူများ အသွားအလာသတိထားကြရန် Falam Regional Committee က အသိပေးထားပါတယ်။