ရမ်ထလိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဟားခါး-ဖလမ်းအကြား၊ ဖလမ်းမြို့နယ်ထဲရှိ ရမ်ထလိုကျေးရွာကို ယနေ့ မနက်ပိုင်း ၁၁နာရီခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အိမ်ပျက်စီးမှုတွေ ရှိကြောင်းသိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွင် အနည်းဆုံး ပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရရှိကြပြီး ရမ်ထလိုနှစ်ခြင်းဘုရားကျောင်းနဲ့ လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားပါတယ်။

ဖလမ်းမြို့၊ စစ်ကောင်စီတပ်စခန်းကို CNA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ယနေ့ နံနက်ပိုင်း ၁ နာရီခွဲလောက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီအထိ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနဲ့မဆိုင်တဲ့ ဖလမ်းမြို့နယ်ထဲရှိ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသွားတာပါ။ ဖလမ်းမြို့ပေါ်ကနေလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရွာတွေဘက်ကို တောက်လျေက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်ထလိုရွာဟာ ဟားခါး-ဖလမ်းအကြား ကားလမ်းမဘေးတွင်တည်ရှိပြီး ဖလမ်းမြို့နဲ့ ၂၂မိုင် ၀န်းကျင် ကွာဝေးပါတယ်။