ဟားခါးနဲ့ ထန်တလန်အကြား သီမစ်အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များက သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါးမြို့နယ်၊ သီမစ်လွင်ပြင်မှ ထန်တလန်မြို့နယ်ဖက်ကို မေလကုန်ပိုင်းမှစ၍ ကုန်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိပါတယ်။
မေလ ၂၉ရက်နေ့မှ ဇွန်လ ၄ရက်နေ့အကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးမယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ခန့်မှန်းထားပြီး ဒဏ်ရာရစကစတပ်သား ၁၅ဦး၀န်းကျင်လည်း ဟားခါးဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်ဗုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ယနေ့ ဇွန်လ ၅ရက်နေ့တွင်လည်း သီမစ်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ သိရှိနိုင်ခြင်း မရှိသေးပါ။