ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၂၂ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။

“မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်‌ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။

နံနက်ပိုင်း ၂နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက်စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။