ဟားခါး-ထန်တလန်အကြားကို စကစက အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးနဲ့ ထန်တလန်အကြားရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များ ခြေကုတ်ယူထားသည့် နေရာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ရဟက်ယာဉ်များဖြင့်လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

ထန်တလန်မြို့နယ်ဖက်ကို စစ်ကြောင်းထိုးရန် ဟားခါးမြို့မှ စစ်ကောင်စီတပ်အင်အား ၁၅၀ ၀န်းကျင်ဟာ ဟားခါး-ထန်တလန်အကြား သီမစ်ဖက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိကြပြီး မေလ ၂၅ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်တာပါ။

သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိကထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ မနေ့ မေလ ၂၉ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖက်၌ ထိခိုက်ကျဆုံးမှု တစ်ချို့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးပါတယ်။

ယနေ့ မေလ ၃၀ရက်နေ့ နံနက်ပိုင်းတွင်းလည်း ဟားခါး-ထန်တလန်အကြားတွင် တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်းနှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။