CDF-Tonzang စခန်းတစ်ခုကို စကစနဲ့ ZRA အဖွဲ့က သိမ်းပိုက်

ဩဂုတ်လ ၃၁ရက်နေ့ မနေ့ညနေပိုင်း ၃နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲရှိ CDF-Tonzang တပ်ရင်း (၃)စခန်းကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့ရဲ့လက်ပါးစေ မဏီပူရ်ပြည်နယ်အခြေစိုက် Zomi Revolutionar Army (ZRA) လက်နက်ကိုင်အဖွဲ့က စီးနင်းသိမ်းပိုက်ခဲ့ကြောင်း ZRA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းသိမ်းပိုက်ခံရသည့် ကိစ္စနဲ့ပတ်သက်ပြီး CDF-Tonzang တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး Zo Mu Mung က အတည်ပြုထားပါတယ်။

“တတိယအကြိမ်တန်းဆင်းပွဲလုပ်တော့ နောက်တစ်ရက်မှာ တွန်းဇံမြို့စခန်းကိုတိုက်မလို့ အစီအစဉ်ဆွဲထားတော့ ကံဆိုးစွာနဲ့ ကျနော်တို့ ရဲဘော်တစ်ယောက်အရက်သောက်ပြီးထွက်ပြေးသွားတယ်။ တွန်းဇံမြို့ စစ်ကောင်စီတွေက သိသွားတော့ ညနေ ၃ နာရီခွဲလောက်မှာ လက်ဦးမှုရယူသွားတာပေါ့။ ၅မိနစ်အလိုမှာ သတင်းရထားတော့ ကံကောင်းသွားတယ်” လို့ Zo Mu Mung က ပြောပါတယ်။

CDF-Tonzang တပ်ဖွဲ့ရဲ့ သေနတ် ၇လက်၊ ဒရုန်း ၂စင်းနဲ့ ဆိုင်ကယ် ၇စီးအပြင် အခြားလက်နက်ခဲယမ်းအချို့ကို စစ်ကောင်စီနဲ့ ၎င်းတို့လက်ပါးစေ ZRA လက်နက်ကိုင်အဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။

CDF-Tonzang တပ်ဖွဲ့ဟာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ကွပ်ကဲခိုင်းစေမှုဖြင့် တွန်းဇံမြို့ကို ဖျတ်ဆီးရန်အကြီမ်ကြီမ်ကြိုးပမ်းတယ်လို့ ထုတ်ပြန်ချက်တွင် ZRA က စွပ်စွဲသော်လည်း ချင်းအမျိုးသားတပ်မတော် (CNA) အရာရှိတစ်ဦးကတော့ သူတို့အကြား (ဇို နဲ့ ဇိုမီး) ပြသနာကို CNF ထံ ZRA က အပြစ်ပုံချဖို့ ကြိုးစားနေတယ် လို့ ပြောပါတယ်။