CNA နဲ့ CDF တပ်ဖွဲ့၀င်များနဲ့အတူ တိုက်ပွဲ၀င်နေကြောင်း CDF-Hualngoram အသိပေး

ချင်းပြည်နယ် ရှေ့တန်းစစ်မျက်နှာများတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြား ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF)များနဲ့အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြောင်း CDF-Hualngoram တော်လှန်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

CDF-Hualngoram တပ်ဖွဲ့ရဲ့ ၆လအတွင်း စစ်ရေးလှုပ်ရှားမှုမှတ်တမ်းကို ဩဂုတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့၊ ဟားခါး-ဖလမ်းအကြားကားလမ်းမ၊ တွန်းဇံမြို့၊ ဖလမ်းမြို့၊ သီမစ်နဲ့ ထန်တလန်မြို့တိုက်ပွဲများတွင် CNAနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့အတူ တိုတ်ပွဲ၀င်ခဲ့ပြီး တိုက်ပွဲအတွင်း CDF-Hualngoram ရဲ့ဘော် ၃ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

ကလေးမြို့မှ ဟားခါးမြို့သို့ တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၀ရက်နေ့တွင် CDF-Hualngoram က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် မတ်လ ၁၃၊ ၁၅နဲ့ ၁၆ရက်နေ့များတွင် ရိဒ်စစ်ကောင်စီ စခန်းကုန်းနဲ့ ရိဒ်အမှတ် (၂) စစ်ကောင်စီစခန်းများကိုလည်း CDF-Hualngoram က တိုက်ခိုက်ခဲ့ပါတယ်။

ကလေးမြို့မှ တက်လာသော စစ်ကောင်စီ ကားအစီး ၃၀ခန့်နဲ့ သံချပ်ကာယာဉ် ၂စီး ချေမှုန်းခံခဲ့ရသည့် ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် CDF-Hualngoram တပ်ဖွဲ့၀င်များဟာ CNAနဲ့ CDF တပ်ဖွဲ့၀င်များနဲ့အတူ တိုက်ပွဲ၀င်ခဲ့ပြီး CDF-Hualngoram ရဲဘော် ၂ဦးလည်း ယင်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ကြပါတယ်။

ဇွန်လ ၁ရက်န့မှ စတင်ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား သီမစ် (လုံခါရ်) တိုက်ပွဲများတွင်လည်း CNA၊ CDF-Hakha၊ CDF-Thantlang နဲ့ CDF-Zophei တပ်ဖွဲ့၀င်များနဲ့ အတူ CDF-Hualngoram ရဲဘော်များတိုက်ပွဲ၀င်ခဲ့ကြပြီး တပ်ဖွဲ့ ၀င် ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

ထို့အပြင် ဇွန်လ ၂၈ရက်နေ့မှ ဇူလိုင်လ ၂၀ရက်နေ့အတွင်း Laklei စစ်ဆင်ရေးအနေဖြင့် CNA၊ CDF-Hualngoram နဲ့ CDF-Zanniatram တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝေဘူလမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွန်းဇံမြို့ရှိ စစ်ကောင်စီစခန်းနဲ့ ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရသည့် ဩဂုတ် ၁ရက်နေ့ စစ်ဆင်ရေးမှာလည်း CNA၊ CDF-KKG၊ CDF-Tonzang နဲ့ PDA တပ်ဖွဲ့၀င်များနဲ့အတူ CDF-Hualngoram တပ်ဖွဲ့၀င်များ တိုက်ပွဲ၀င်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း CDF-Hualngoram ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဩဂုတ်လ ၁၂ရက်နေ့ကလည်း ဖလမ်းမြို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကို CNA၊ CDF-Hualngoram နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခဲ့ပါတယ်။

CDF-Hualngoram တပ်ဖွဲ့၀င်များဟာ လက်ရှိ ထန်တလန်မြို့တွင် ဖြစ်ပွားသော တိုက်ပွဲများတွင်လည်း CNA၊ CDF-Thantlang၊ CDF-Zophei၊ CDF-Hakha နဲ့ CDF-Zanniatram တပ်ဖွဲ့၀င်များနဲ့အတူ တိုက်ပွဲ၀င်လျှက်ရှိကြောင်း သိရပါတယ်။