ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မေလ ၂၁ရက်နေ့ နံနက်ပိုင်း ၁နာရီခန့်က အမျိုးသား ၂ဦးက မိသားစုတစ်စုကို ခြိမ်းခြောက်ဓားပြတိုက်ပြီး ဓားပြတိုက်ခံရတဲ့ မိသားစုကို ကူညီရန်လာရောက်သော အိမ်နီးချင်းအမျိုးသားတစ်ဦး ဓားထိုးခံရလို့ ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့ မိသားစုကို နံနက်ပိုင်း ၁နာရီခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ဓားတစ်လက်ပါရှိသော အမျိုးသား နှစ်ဦးက ဓားပြတိုက်ခြင်းဖြစ်ပြီး ဦးဒုအွယ်တို့ မိသားစုက အော်ဟစ်အကူအညီတောင်းလို့ ကူညီရန်လာရောက်သော အိမ်နီးချင်း ဦးကပ်ခေါမ်ကို ဓားပြတိုက်သူ နှစ်ဦးထဲမှ တစ်ဦးက လည်ပင်း၌ ဓားဖြင့်ထိုးခဲ့ပါတယ်။
ဓားပြ နှစ်ဦးက ဦးဒုအွယ်တို့မိသားစုရဲ့ ငွေသား၊ ဖုန်းနဲ့ အဖိုးတန်ရွှေများ လုယူသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“နံနက်ပိုင်း ၁နာရီလောက်မှာ ဖြစ်သွားတာပါ။ ကျပ် ၁၂သိန်း၊ ဖုန်း ၃လုံး၊ ရွှေကြိုး ၁ကုံးနဲ့ ရွှေလက်ဆွတ် ၁ခု လုယူခံရတယ်။ ဓားပြတိုက်ခံရတဲ့ မိသားစုကို ကူညီဖို့သွားရောက်တဲ့ ဦးကပ်ခေါမ်ရရဲ့ လည်ပင်းမှာ ဓားထိုးခံရတယ်။ သွေးထွက်တာများလို့ ဆေးရုံတင်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားတဲ့ ရပ်ကွက်နဲ့ မလှမ်းမကမ်းအပေါ်ဖက်တွင် ခိုင်ကမ်းအားကစားခန်းမတည်ရှိပြီး အဆိုပါအားကစားခမ်းမတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ၎င်းတို့ရဲ့နောက်လိုက် ပျူစောထီးများ လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး စတင်တပ်ဆွဲကြပါတယ်။
ယခုရက်ပိုင်းအတွင်း Ketheibo ရပ်ကွက်ထဲတွင် ကြက်ခိုးခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အားကစားခန်းမတွင် အကြမ်းဖက်စစ်သားများတပ်ဆွဲနေတာကြောင့် ညနေ ၆နာရီနောက်ပိုင်းတွင် ရပ်ကွက်နေပြည်သူတွေ အပြင်မထွက်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။