ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီးသွားသည့်အပြင် မိသားစု ၃စုနှင့် ခရီးသွားပြည်သူများ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယနေ့ ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ထမင်းပို့သွားသော စစ်ကောင်စီတပ်သား ၂ဦးကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ပြီး ၂ဦးစလုံးသေဆုံးကာ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။
စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရသည့် ကျော်ဘုတ်ရပ်ကွက်ရှိအပြစ်မဲ့ပြည်သူ နေအိမ် ၃လုံးကို ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရန်ငြိုးကြီးစွာ ဒဏ်ခတ်သည့်အနေဖြင့် ဖျတ်ဆီးခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရတဲ့ ကျော်ဘုတ်ရပ်ကွက် အစွန်ဖက်က နေအိမ် ၃လုံးကို စက်ကြီး (JCB) နဲ့ ဖျတ်ဆီးကြတယ်။ အဲပြည်သူနေအိမ်တွေနဲ့ လုံး၀မဆိုင်တာကို တမင်သက်သက် ဒဏ်ခတ်သည့်အနေနဲ့ အငြိုးတကြီးလုပ်ကြတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျော်ဘုတ်ရပ်ကွက်ရှိ အခြားလူနေအိမ် ၃လုံးမှ မိသားစု၀င်များကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်ခတ်မှုဖြစ်ပွားတဲ့ ကျော်ဘုတ်ရပ်ကွက် နေအိမ် ၃လုံးက မိသားစု၀င်တွေ၊ ကလေးတွေလည်းပါတယ်၊ အဲဒါသူတို့ အကုန်လုံးကို ဖမ်းေခါ်သွားကြတယ်။ သူတို့အခြေအနေမသိရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားများသည် ကျော်ဘုတ်စစ်ဆေးရေးဂိတ်ဖက်ကို မသွားတော့ဘဲ ကျော်ဘုတ်ရပ်ကွက် အောက်ပိုင်း မြို့အ၀င်အထွက်လမ်းတွင် ကင်းချထားကြပြီး ခရီးသွားပြည်သူတစ်ယောက်မကျန် ရိုက်နှပ်ဖမ်းဆီးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“သူတို့ ကျော်ဘုတ်စစ်ဆေးရေးဂိတ်ဖက်ကို မသွားရဲတော့ဘူးထင်တယ်။ ကျော်ဘုတ်အောက်ပိုင်း မြို့အ၀င်အထွက်လမ်းမှာ စောင့်ကြတယ်။ ၀င်ထွက်သွားလာသူတစ်ယောက်မကျန် ဖမ်းဆီးကြတယ်။ တစ်ချို့ရိုက်နှပ်ခံရတဲ့ လူတွေလည်းရှိကြတယ်။ ဖမ်းခံရတဲ့လူတွေတော့များတယ်။ လူဦးရေအတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသော ပြည်သူဦးရေအတည်ပြုလို့ မရသေးသည့်အပြင် ယခုချိန်အထိ လွတ်မြောက်လာသူမရှိသေးကြောင်း သိရှိရပါတယ်။