ထန်တလန် စစ်တပ်က ရွာဖက်ကို လက်နက်ကြီးပစ်ခတ်လို့ စစ်‌ရှောင်တစ်ဦး သေဆုံး

ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ်လ ၃၀ရက်နေ့ မနေ့ညနေပိုင်းတွင် ထန်တလန်မြို့နယ်၊ ထလွာလာမ် (Thlualam) ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ရွာသား ၂ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။

“ညနေပိုင်း ၄နာရီလောက်မှာ ထန်တလန်မြို့ဖက်ကနေ ထလွာလာမ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ တောင်ယာကနေ ပြန်လာတဲ့ ထန်တလန်စစ်‌ဘေးရှောင် အမျိုးသားတစ်ဦး လမ်းမှာ လက်နက်ကြီးထိလို့ သေသွားတယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရွာသား နှစ်ဦး အသေးစားဒဏ်ရာတွေ ရရှိကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် သေဆုံးသွားသော အမျိုးသားဟာ ကလေး ၄ယောက်ဖခင် ဦးကြာထန်း (၄၂)နှစ်လို့ သိရပြီး ထန်တလန်မြို့မီးလောင်ပြီးနောက် ထလွာလာမ်ကျေးရွာကို မိသားစုနဲ့ လာရောက်ခိုလှုံသော စစ်ဘေးရှောင် ဖြစ်ကြောင်း သိရပါတယ်။

ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်သော ထလွာလမ်ကျေးရွာဟာ ထန်တလန်မြို့နဲ့ ၁၀မိုင်ခန့် အကွာတွင် တည်ရှိပါတယ်။